ကြံခင်း ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာအမှန် စင်ကြယ်သော မြတ်နိဗ္ဗာန်ကို ရည်မှန်းပြီး အလှူဒါနများ ပြုလုပ်ကြရာ ရွာသစ်ရပ်ကွက် သိပ္ပံလမ်းနေ အလှူ့ဒါယကာ ဦးသက်မင်းထွန်းနှင့် အလှူ့ဒါယိကာမ ဒေါ်ရီရီခိုင် (ရွှေဘုရင်-ရွှေဆိုင်) မိသားစုက သိက္ခာထပ်၊ ရှင်အပါး (၂၇)ပါးအား ရှင်ပြုခြင်းနှင့် နားသအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အလှူတော်မင်္ဂလာအခမ်းအနားနှင့် ပတ်သက်ပြီး “ဒီဇင်ဘာလ(၂၅)ရက်နေ့ည(၇)နာရီ အချိန်တွင် (အ ထ က-၁) ကျောင်းရှေ့အားကစားကွင်းတွင် အလှူတော်မင်္ဂလာအောင်ပွဲ(အကြို) ဓမ္မပူဇာသဘင်ကျင်းပခဲ့ရာ နွားဦးတိုက်ဆရာတော် ‟အရှင်ဉာဏလင်္ကာရ”က "နိဗ္ဗာန်ဆိုတာဘယ်မှာလဲ“တရားတော် ဟောကြားချီးမြှင့်ပေးခြင်း၊ ဒီဇင်ဘာ (၂၆) ရက်နေ့ နံနက်(၇)နာရီအချိန်တွင် အလှူတော်မင်္ဂလာလှည့်လည်ခြင်း၊ ဓမ္မစင်္ကြာသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း နေ့လည်ပိုင်းနှင့် ညပိုင်းတွင် မန္တလေးသိန်းဇော်က မြန်မာပြည်ကျောက်စိမ်းမင်္ဂလာဆိုင်းနှင့် တွဲဖက်ပြီး ရှင်ပြုနှင့် နားသအလှူတော် ဘိသိတ်မြှောက်ခြင်းနှင့် မင်္ဂလာဆိုင်းဖြင့် ဧည့်ခံသီဆိုဖျော်ဖြေမှာဖြစ်ကြောင်း၊ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ကြံခင်းမြို့၊ ဓမ္မစင်္ကြာ မဟာစည်သာသနာ့ရိပ်သာဆရာတော်ဘဒ္ဒန္တ ဣန္ဒာစက္ကအား “သိက္ခာထပ်ဆင့် ကံတော်မြှင့်ခြင်းမင်္ဂလာ”ကျင်းပခြင်း၊ သာသနာ့အမွေခံအလှူ့ဒါယာကာ ဦးသက်မင်းထွန်းနှင့် အလှူ့ဒါယ်ကာမ ဒေါ်ရီရီခိုင် (ရွှေဘုရင်-ရွှေဆိုင်) မိသားစု၏ သားရတနာမောင်လမင်းမောင်၊ မောင်သူရလင်းသန့်နှင့် ကိတ္တိမသား(၂၅)ပါးအား မြင့်မြတ်သော ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှင့်ခြင်းနှင့် ကိတ္တိမ သမီးရတနာများအား ကဏ္ဏဝိဇ္ဈန နားသမင်္ဂလာ ကျင်းပပြီး ဘက်ရဲမြို့ မူလရွှေကျောင်းကြီးဆရာတော်အရှင်ကောဝိဒထံက တရားတော်နာယူဆောက်တည်ကြပြီး ဘုရားအမှူးထားသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထူအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေမှာဖြစ်ကြောင်း” အလှူ့ဒါယိကာကြီးက ပြောပါတယ်။
အဆိုပါ အလှူပွဲကြီးကို (၃)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ကြောင်းနှင့် သာသနာတော်ဆိုင်ရာ ထုံးတမ်းအစဉ်အလာနဲ့အညီ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)