ရှားတောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှားတော စက်တင်ဘာ ၂၃

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသော လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း လမ်းဆုံတွင် သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး  Mask တပ်ဆင်ခြင်း မရှိဘဲ အိမ်အပြင်ထွက် သွားလာနေသော ပြည်သူများအား Mask (၂) ခုကို ငွေကျပ် (၁၀၀၀) နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)