ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်

ဟိုမိန်း   စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်း မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ဟိုမိန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ် ရေးမှူး ဦးဆန်းဝင်း၏ လမ်းညွှန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် များက မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု တစ်နေ့ထက်တစ်နေ့ မြင့်မားလာသည့်အတွက် ဟိုမိန်းမြို့တွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက် အကူဖြစ်စေရန် မိမိတို့၏ နေအိမ် အတွင်း၌သာ နေကြရန်၊ မဖြစ်မနေ နေအိမ်မှ ပြင်ပသို့ထွက်ပါက နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာကြရန်၊ လူစု လူဝေးပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို လိုက်နာ ဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များအတွင်းသို့  အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။  

 ရဲနောင်(ဟိုမိန်း)