ဧရာဝတီလင်းပိုင်များသေဆုံးနေခြင်းကြောင့် ရှော့ခ်တိုက်ငါးဖမ်းဆီးမှုပပျောက်စေရန် စီမံချက်ချ ဆောင်ရွက်

မန္တလေး၊ စက်တင်ဘာ ၂၃

ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုများနှင့်ပတ်သက်၍ တစ်နှစ်စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သားငါးထိန်းသိမ်းရေးအဖွဲ့(WCS) မှသိရသည်။
ဧရာဝတီလင်းပိုင်စစ်တမ်းကို တစ်နှစ်လျှင်တစ်ကြိမ် ဖေဖော်ဝါရီလတွင်ကောက်ယူလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဧရာဝတီလင်းပိုင်စစ်တမ်းအရ လင်းပိုင်ကောင်ရေ (၇၉) ကောင်ရှိခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် ခုနစ်ကောင် သေဆုံးသွားခဲ့ခြင်းကြောင့် ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းဆီးမှုပပျောက်စေရန် တစ်နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်နှစ်စီမံချက်မှာနေ့စဉ် ကင်းလှည့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အရင်က လစဉ်တစ်လနှစ်ခေါက် ပုံမှန်ပညာပေးအစီအစဉ်တွေနဲ့ သွားတယ်၊ အခုတော့ နေ့စဉ်ကင်းလှည့်မယ်၊ မနက်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း၊ မနက်အစောပိုင်း စတဲ့ အချိန်စုံ ရှော့ခ်တိုက်ငါးဖမ်းနေတာတွေ သတင်းရတဲ့နေရာတွေ ဧရာဝတီလင်းပိုင်ရှိတဲ့နေရာတွေကို ပိုပြီးအဓိကထားကင်းလှည့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ လွယ်လွယ်ကူကူရလာတော့ အလွယ်လုပ်ကြတဲ့အခါ တဖြည်းဖြည်းများလာသလို ဖမ်းဆီးအရေးယူမှုတွေလည်း ဆောင်ရွက်ထားတယ်၊ ဒီကြားထဲမှာ ရှော့ခ်တိုက်ငါးဖမ်းဆီးတာတွေကလည်း ရှိနေသေးတယ်၊ ဒီစီမံချက်နဲ့ ရှော့ခ်တိုက်ငါးဖမ်းဆီးမှုကို လုံးဝပပျောက်သွားအောင် အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု သားငါးထိန်းသိမ်းရေးအဖွဲ့ (WCS) မန္တလေးမှ စီမံကိန်းမန်နေဂျာ ဦးကျော်လှသိန်းက ပြောသည်။
လင်းပိုင်းများသည် ဧရာဝတီမြစ် မန္တလေးနှင့် ဗန်းမော်ကြားတွင် နေထိုင်ကျက်စားကြပြီး စီမံချက်ကာလမှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ်၃၁ ရက် အထိဖြစ်ပြီး မန္တလေး-ကျောက်မြောင်းကြား ၇၂ ကီလိုမီတာအရှည်ရှိ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ (၁) တွင်ဖြစ်ကြောင်း သိရသည်။
“သုံးရက်အတွင်းမှာ ပထမရက်နေ့က ရှော့ခ်တိုက်ဖမ်းဆီးတဲ့လှေနှစ်စီးဖမ်းဆီးရမိတယ်၊ ညဘက်ကင်းလှည့်ချိန်မှာ တွေ့ရှိဖမ်းဆီးရမိတာ၊ ညဘက်ဖြစ်တဲ့အတွက် လူတွေကခုန်ချပြီး ကျွန်းတွေပေါ် ထွက်ပြေးသွားတာဖြစ်တဲ့အတွက် လူတွေကိုတော့ဖမ်းဆီးရမိခြင်းမရှိခဲ့ဘူး၊ ကျန်တဲ့ပစ္စည်းတွေကို ပိုင်ရှင်မဲ့အနေနဲ့သိမ်းဆည်းပြီး သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနကို ပေးပို့အပ်နှံခဲ့ပါတယ်” ဟု ဆက်လက်ပြောသည်။
မန္တလေး-ကျောက်မြောင်းကြားတွင် စက်တင်ဘာလမှစတင်ပြီး တစ်နှစ်စီမံချက်ဖြင့် စတင်လုပ်ဆောင်ရာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းဆီးမှုများကို ဖမ်းဆီးရမိပါက မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရ ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်သုံးသိန်းကျပ်တိတိ ဒဏ်ရိုက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်