ရွှေကျင်မြို့တွင် လူဦးရေစာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းပို့ချ

ရွှေကျင် ဒီဇင်ဘာ ၂၅     

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်း မှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစသန့်ဖူး‌အောင်က လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်မြင့်နိုင်က သင်တန်းသို့ တက်ရောက်လာကြသည့် ‌ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား မြေပြင်ရှိနှင့် အိမ်ထောင်စု လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန်သော စာရင်းရရှိရေး မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်း လမ်းညွှန်ချက်များအား  ဟောပြော ဆွေးနွေး‌ပို့ချခဲ့သည်။

ရွှေကျင်မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)