ပွင့်ဖြူမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ဖရဲကွာစေ့လုပ်ငန်းများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

ပွင့်ဖြူ       ဒီဇင်ဘာ      ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြန်မာ့ရိုးရာအစားအစာအဖြစ် တစ်ပိုင်တစ်နိုင် ဖရဲကွာစေ့လုပ်ငန်း လုပ်ကိုင်ကြသူများ အရောင်းအဝယ်ကောင်းမွန်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဖရဲကွာစေ့လုပ်ငန်းလုပ်ကိုင်ကြသူများ ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဖရဲကွာစေ့လုပ်ငန်း လုပ်ကိုင်သူ (၃၊၄)ဦးခန့်ရှိကာ မြန်မာ့ရိုးရာအစားအစာအဖြစ် ပြည်သူများက ဝယ်ယူစားသုံးကြသည့်အတွက် ဖရဲကွာစေ့လုပ်ငန်းကို မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း၊ ဖရဲကွာစေ့လုပ်ရန်အတွက် ကုန်ကြမ်းဖြစ်သည့် ဖရဲသီးစေ့များကို စလင်းမြို့နယ်အတွင်းရှိ တညောင်ဒေသရှိ ကျေးရွာများမှ ဝယ်ယူ၍ တစ်ရက်လျှင် ဖရဲကွာစေ့ တင်းရေ(၂၀)ခန့် ပြုလုပ်ရောင်းချနေရကြောင်း ပွင့်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ ဖရဲကွာစေ့လုပ်ငန်းရှင်များထမှ သိရသည်။

"မြန်မာ့ရိုးရာအစားအစာအဖြစ် ဖရဲကွာစေ့လုပ်ငန်းကို လုပ်ကိုင်လာတာ နှစ်ပေါင်း ၂၀ ခန့်ရှိပါပြီ။ ဖရဲကွာစေ့လုပ်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့ ဖရဲသီးစေ့ကိုတော့ စလင်းမြို့နယ် တညောင်ဒေသရှိ ကျေးရွာတွေက ဖရဲစိုက်တောင်သူများထံမှ ဝယ်ယူရပါတယ်။ ဖရဲသီးစေ့တစ်တင်းကို ငွေကျပ် ၃၇,၀၀၀ ဈေးနဲ့ ဝယ်ယူရပြီး တစ်ရက်လျှင် ဖရဲကွာစေ့ တင်းရေ ၂၀ ခန့် ပြုလုပ်ရောင်းချရပါတယ်။ ဖရဲသီးစေ့များကို ကနဦး အဖျင်းအမှော်နဲ့  ရွှံ့သဲမပါအောင် သန့်စင်ပေးရပါတယ်။ သန့်စင် ပြီးတာနဲ့ ဖရဲသီးစေ့များကို ထုံးရေကြည်နဲ့ တစ်ညခန့် စိမ်ထားရပါတယ်။ ထုံးရေကြည်နဲ့ စိမ်ထားတဲ့ ဖရဲသီးစေ့တွေကို ထုံးဓာတ်ကုန်စင်အောင် ရေနဲ့တစ်ကြိမ် ဆေးကြောပေးရပါတယ်။ အဲလိုပြုလုပ်ပြီးပြီဆိုရင်တော့ စမုံတစ်ပိဿာခွဲ၊ ဆားတစ်အိတ်တို့ကို ရောနှောပြီး ပေါင်းထားပေးရတယ်။ ပေါင်းထားပြီးတဲ့ ဖရဲသီးစေ့များကို တစ်နေကုန်အောင် နေလှမ်းပေး ရပါတယ်။ အဲဒီလို အဆင့်ဆင့်ပြုလုပ်ပြီးမှ ဖရဲကွာစေ့အဖြစ် အထုပ်သေး၊ အထုပ်ကြီး အမျိုးမျိုးထုပ်ပြီးတော့ ရောင်းချရပါတယ်။ ကျွန်မတို့ဒေသထွက် ဖရဲကွာစေ့များကို ပွင့်ဖြူ ၊ မင်းဘူး ၊ မကွေး ၊ စလင်း ၊ ဆင်ဖြူကျွန်းမြို့များသို့ အထုပ်သေး (၁၀)ထုပ်ပါ တစ်ထုပ်ကို ငွေကျပ် ၃၇၀ ဈေးနဲ့ တစ်ဆင့်ပြန်လည်ရောင်းချသော ဈေးဆိုင်များကို တင်ပို့ရောင်းချရပါတယ်။ တစ်ရက်ကို ဖရဲကွာစေ့ တင်းရေ ၂၀ ခန့် ပြုလုပ်ရောင်းချရပြီး ကုန်ကျစရိတ်အနေနဲ့ ငွေကျပ် ၁၀ သိန်းလောက် ကုန်ကျပါတယ်။ အကျိုးအမြတ်ဝင်ငွေအနေနဲ့ကတော့ ဖရဲကွာစေ့ တင်းရေ ၂၀ ပြုလုပ်ရောင်းချနိုင်ရင် ငွေကျပ် တစ်သိန်းကျော်လောက် ဝင်ငွေရရှိပါတယ်။ ဒီ ဖရဲကွာစေ့လုပ်ငန်းက ကိုယ့်မိသားစုအတွက် ဝင်ငွေတိုးပွားစေတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်က ဒေသခံပြည်သူတွေကိုလည် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေတာကြောင့် ယခုထက်ပိုမို ထုတ်လုပ်ဖြန့်ချိ နိုင်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်"ဟု ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ နေလ ဖရဲကွာစေ့လုပ်ငန်းရှင်  ဒေါ်ခင်ဝင်းအေး က ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)