ကော့သောင်း၊ စက်တင်ဘာ ၂၃
ကော့သောင်းနယ်စပ်မှတဆင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့တရားမဝင်တင်ပို့မှုမရှိစေရေး သတိပြုကြပ်မတ်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်စဉ် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရေဆိပ်အနီးရှိ အိမ်တစ်ဆောင်၏အောက်တွင် ဆိုက်ကပ်ထားသည့် ပဲ့ချိတ်လှေတစ်စီးပေါ်တွင် တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချရန် တင်ဆောင်ထားသည့် ရေထွက်ကုန်ပစ္စည်းများအားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် ရေထွက်ကုန်ပစ္စည်းများမှာ ကဏန်းမဲအရှင် ၉၀ ခြင်း (ကီလို-၁၆၂၀) အားသိမ်းဆည်း ရမိခြင်းဖြစ်သည်။ ရေထွက်ပစ္စည်းများအား နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းကာ တင်ပို့ရန်၊ အထောက် အထား/ဝယ်ယူစုဆောင်းရောင်းချခွင့်လိုင်မရှိသူနှစ်ဦးအား ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အရေး ယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)