ရွှေဘို စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ဘုံးဘွဲ့ကျေးရွာ စပါးစိုက်ခင်းဧက ၁၈၀ အတွင်း ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန် ကောင်ရေ(၉)သောင်းကို ယနေ့ နံနက် ၈ နာရီက စိုက်ထည့်ခဲ့ကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးက ရွှေဘို၊ ဝက်လက်၊ ခင်ဦး သုံးမြို့နယ်အတွက် ငါးသယံဇာတတိုးပွားရေး ငါးမျိုးပြုန်းတီးမှုမှ ကာကွယ် တားဆီးရေးနှင့် ကျေးလက်နေ ပြည်သူများစပါးရိက္ခာ၊ ငါးရိက္ခာ တိုးပွား စေရေးအတွက် ရွှေဘိုမြို့နယ် ဘုံးဘွဲ့ကွင်း ကွင်းအမှတ်(၃၀၀၆)၊ တောင်သူ ဦးသောင်းမြင့်၏ မိုးစပါးစိုက် ခင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထား သော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ငါးမျိုးများစိုက်ထည့်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးမှ တောင်သူများထံ ငါးသားပေါက်များပေးအပ်ခဲ့ပြီ ဘုံးဘွဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ တောင်သူများက ဘုံးဘွဲ့ကျေးရွာ တောင်သူဦးသောင်းမြင့်၏ လယ် ၉ဧကနှင့် ဆက်စပ် လျက်ရှိသော တောင်သူ(၂၀)ဦးပိုင် စပါးစိုက်ခင်းဧက (၁၈၀)အတွင်းသို့ ငါးခုံးမကြီးငါးသန် ကောင်ရေ (၄၀၀၀၀)နှင့် ရွှေဝါငါးကြင်း ငါးသန်ကောင်ရေ (၅၀၀၀၀)၊ စုစုပေါင်း ငါးသန် ကောင်ရေ (၉၀၀၀၀) ကို စပါးခင်းများအတွင်း စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ထွန်းမြင့်အောင် ( ရွှေဘို)