နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊ စက်တင်ဘာ ၂၃

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဂျပန်နိုင်ငံမှလာရောက်သည့် MV.TRANS FUTURE.1 သင်္ဘောပေါ်မှ သင်္ဘောသား(၂၃)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာရာ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဘောပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၂၃) ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင်ရောက်ရှိနေပြီး MV.TRANS FUTURE.1 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းထွန်းဝင်းပါ သင်္ဘောသား (၂၃) ဦး တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။ အလားတူအဆိုပါနေ့တွင်ပင် Sign off ထွက်မည့် သင်္ဘောသားမပါရှိသော အခြားသင်္ဘောတစ်စီးဖြစ်သည့် MV.CAMELLIA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးနိုင်လင်းထွန်းပါ  သင်္ဘောသား (၇) ဦးလည်း ကော့သောင်းမြို့မဆိပ်ကမ်းမှ သင်္ဘောပေါ်သို့ထွက်ခွာသွားကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)