ကဝမြို့နှင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်−၁၉ အကာအကွယ်ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများလှူဒါန်း

ပဲခူး    စက်တင်ဘာ ၂၃

ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ Golden Luxury Drug (နိုင်ငံခြားဆေးများ) ဖြန့်ချိရေးဆိုင်တွင် ယနေ့ နံနက် ၉ နာရီက ကဝမြို့ အ‌ထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်သည့်နေရာ၌ အသုံးပြုနိုင်ရေးအတွက် အမျိုးသားစာပေဆုရ ဒေါက်တာ ဦးဖြေ (စာရေးဆရာဝိဿဇ္ဇက) Golden Luxury Drug (နိုင်ငံခြားဆေးများ) ဖြန့်ချီရေးမိသားစုမှ ကိုဗစ်−၁၉ အကာအကွယ်ပစ္စည်း များနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ရှေးဦးစွာ အလှူရှင် အမျိုးသားစာပေဆုရ ဒေါက်တာဦးဖြေ(စာရေးဆရာဝိဿဇ္ဇက) Golden Luxury Drug (နိုင်ငံခြားဆေးများ) ဖြန့်ချီရေးမိသားစုက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံသို့ ကဝမြို့အ‌ထွေထွေရောဂါကုဆေးရုံကြီးတွင် လိုအပ်သည့် နေရာ၌ အသုံးပြုနိုင်ရေးအတွက် ကိုဗစ်−၁၉ အကာ အကွယ် ပစ္စည်းများဖြစ်သည့် နှာခေါင်း(Mask) များ၊ Surgical Gowns များ၊ မြန်မာတိုင်းရင်းဆေးများနှင့် ဆေးရုံသုံး ပစ္စည်းများအား ပေးအပ်လှူဒါန်းပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ‌ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ထို့အတူ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်လည်း ဦးဌေးအောင် (ရွှေရည်ရောင်းဝယ်ရေး) မိသားစုက ပဲခူးဆေးရုံကြီးအတွက် Air Con(၁)လုံး၊ ပန်ကာ(၂)လုံး၊ ပဲခူး ဆေးရုံနှင့် ကလိ၊ ပဲခူးတက္ကသိုလ်၊ အသောက Quarantine Centre တို့မှ ဆရာဝန်၊ သူနာပြုများအတွက် ပရီမီယာကော်ဖီမစ်(၃၂)ပါကင်၊ ခေါက်ဆွဲခြောက် (၁၈၀)ထုပ်၊ မိသားစု ပြောင်းဖူး မုန့်ပုံး (၇)ပုံး၊ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးတွင်တာဝန် ထမ်းဆောင်နေသည့် အခြေခံ ဝန်ထမ်းများအတွက် ဆန် (၆)ပြည်ပါ ဆန်အိတ် (၇၀)အိတ်၊ ကလိ၊ အသောက၊ ပဲခူးတက္ကသိုလ် Quarantine Centre များရှိ Volunteer များအတွက် ဖုန်းဘေလ်များ လှူဒါန်းပေးကြရာ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် Volunteer ဦးကျော်မျိုးဦးတို့က လက်ခံရယူ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)