လှိုင်းဘွဲမြို့နယ် ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

လှိုင်းဘွဲ၊ စက်တင်ဘာ ၂၃

ကိုဗစ် - ၁၉ ရောဂါကာလအတွင်း မိမိအိမ်တွင် နေထိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ညွန်ကြားချက်များကို ပြည်သူများသိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ် ထိန်း ချုပ်နိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သာယာကုန်း၊ ကပ္ပလီ၊ ဝါးဂုတ်တော၊ ကုလားကုန်း၊ ကော့လှိုင်း၊ ကျုံပကို ကျေးရွာများတွင် ရွာအတွင်းသို့ ဝင်ရောက်မည့် လမ်းထိပ်များတွင် စစ်ဆေးဂိတ်များဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အဝင်အထွက်စစ်ဆေးခြင်းများ၊ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့်ခရီစဉ်များအား မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းများကို ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရွာသားများက အလှည့်ကျတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)