ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဖြူး ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ပြိုင်ပွဲသို့တက်ရောက်လာကြသော မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်အားကောင်းစေရေး အသိပညာ ပေးပြီး ပြိုင်ပွဲအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့​နောက် ပြိုင်ပွဲအတွက် ရွေးချယ်ထားသော ဆောင်းပါးပါ အကြောင်းအရာများအား ဖတ်မှတ်လေ့လာစေ၍ အမေးအဖြေမေးခွန်းများအား ဖြေကြားစေခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် စာအုပ်စာစောင်ပြပွဲကိုပြသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား မြို့နယ်ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)