ညောင်တုန်း ဒီဇင်ဘာ ၂၄
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က Community Centerခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိများကို လည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးမြင့်ဟန်က လွတ်လပ်ရေး၏အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေး ဆောင်ရွက်မှု သမိုင်းကြောင်းများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေး များအား အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် မိမိတို့ကြိုက်နှစ်သက်ရာ ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဇန်နဝါရီလ ၃ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)