ဆိပ်ဖြူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့၌ ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်၈နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် မူလတန်းအဆင့် မုန့်စားပြိုင်ပွဲများ၊ အလယ်တန်းအဆင့် ပူဖောင်းနင်းပြိုင်ပွဲများကိုလည်းကောင်း အထက်တန်းအဆင့် မြန်မာဆိုရိုးစကားပုံဆက်ပြိုင်ပွဲများကျင်းပ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးဇော်နေလင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဆုများကို အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကို အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)