ခေါင်လန်ဖူး၌ ကျေးရွာ ၄၁ ရွာရှိ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သောE.coli ပိုး ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ခေါင်လန်ဖူး စက်တင်ဘာ ၂၃

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၄၁ ရွာမှ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော E.Coli ပိုးရှိ/မရှိကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှုးနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၇ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း(၁၆)ရက်ကြာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အလေးထားဆောင်ရွက်လျက်ရှိရာ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံး ရေစနစ်တကျ သုံးစွဲနိုင်ရေးနှင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရေး ကြိုတင်ကာဝယ်တားဆီးနိုင်ရန်အတွက် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သည့် E.coli ပိုးရှိ/မရှိ E.Coli Test kid များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ E.Coli Test kid များမှာ သယ်ယူရလွယ်ကူပြီး စစ်ဆေးသည့် လုပ်ငန်းစဉ်မှာလည်း ရိုးရှင်းသည့်အတွက် အချိန် ၄၈ နာရီအတွင်း ပိုး ရှိ/မရှိ သိရှိနိုင် ကြောင်း၊ အချို့သော ကျေးရွာများရှိ ရေစုကန်တွင် EColi ပိုးတွေ့ရှိရကြောင်း၊ အဆိုပါ ရေအား သုံးရေအဖြစ်သာ သုံးစွဲကြရန်နှင့် သောက်ရေအဖြစ်သုံးစွဲမည်ဆိုပါက စနစ်တကျ ကျိုချက်ပြီးမှ သောက်သုံးကြရန် မှာကြားထားခဲ့ကြောင်း ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီက ပြောကြားခဲ့ သည်။

ခေါင်လန်ဖူးမြို့နယ်ရှိ ကျေးရွာများအားလုံးကို လမ်းလျှောက်ခရီးဖြင့်သာ ကွင်းဆင်း စစ်ဆေးရခြင်းဖြစ်သော်လည်း ကွင်းဆင်းစစ်ဆေးခဲ့သည့်ကာလအတွင်း ကျေးရွာအုပ်စု (၁၃)အုပ်စုမှ ကျေးရွာ(၄၁)ရွာသို့သွား ရောက်စစ်ဆေးနိုင်ခဲ့ကြောင်းနှင့် ခေါင်လန်ဖူး မြို့နယ် အတွင်းရှိ ကျေးရွာများသည် တောင်ကျစိမ့်စမ်းရေကိုသာ သုံးစွဲနေကြရ၍ အဆိုပါ ရေများတွင် တိရစ္ဆာန်အညစ်အကြေးမှ EColi ပိုးများပါရှိနေတတ်ပြီး ထိုရေအား သောက်သုံးမိပါက ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်စေနိုင်ကြောင်းသိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)