ကျွန်းလှ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ စစ်ကိုင်း IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ တည်ထောင်သော သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) စာသင်၊ စာချဆောင် တည်ဆောက်မှု (၈၀) ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။
အဆိုပါ (အလျား၁၂၀ ×အနံ၆၈) ပေ နှစ်ထပ်စာသင်၊ စာချကျောင်းဆောင် တည်ဆောက်ခြင်း အတွက် ဒေါက်တာခင်ခင်ရီမိသားစု၊ ရှိုင်းဟုပ် ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀၀၀) လှုဒါန်းခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး (အလျား၂၈၀× အနံ၂၀၀) ပေ ပင်မကျောင်းဆောင် တစ်ဆောင်နှင့် စာသင်၊ စာချ (၁၄) ဆောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) အင်ဂျင်နီယာအဖွဲ့ ဦးခင်စိုးကပြောကြားသည်။
ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ သံဃာတော်နှင့် သီလရှင်များအား ဒီပလိုမာတန်း၊ ဘီအေတန်းကိုလည်းကောင်း၊ လူပုဂ္ဂိုလ်များ အား အဘိဓမ္မာတန်းတို့ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)