ဝက်လက် စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရွာတော်ကုန်းကျေးရွာ အဆင့်မြင့် လယ်ယာရှိ AIIP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးအစွမ်းဖွင့်စိုက်နည်း (SRI) စနစ်စိုက်ခင်း များတွင် Yellow Trap အသုံးပြု၍ ပိုးမွှားကင်းထောက်ခြင်း လုပ်ငန်းနှင့် ဥကပ်ပါးနဂျီ ချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချ်န်က တောင်သူဦးသန်းလွင်၏ စိုက်ခင်း(၅) ဧကအား မြို့မနည်းပညာ ပြန့်ပွားရေးစင်တာရှိ စိုက်ပျိုးရေး ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပိုးမွှားကျရောက်မှု မရှိစေရေး၊ ပိုးမွှားကျရောက်မှု အခြေအနေအား အပတ်စဥ်ပုံမှန် ကင်းထောက်နိုင်ရေးအတွက် Yellow Trap အဝါရောင်ထောင်ချောက်များကို စိုက်ထူဆောင် ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် ဥကပ်ပါးနဂျီချိတ် ဆွဲဆောင်ရွက်ခြင်းဖြင့် ဥမှ ပေါက်လာသော နဂျီကောင်များသည် စပါးခင်းများအတွင်း ဖျက်ဆီးတတ်သော ဆစ်ပိုး၏ ဥမြုံ များကို ဆောလျင်စွာ နှိမ်နင်းနိုင်မည်ဖြစ်ပြီး နဂျီကဒ်တစ်ကဒ်လျှင် ကောင်ရေ တစ်ထောင် ပါဝင်ကာ တစ်ဧကလျှင် ကဒ်(၄၀)နှုန်းဖြင့် စိုက်ခင်းအတွင်းသို့ ပေ ၃၀ စီခြားကာ ချိတ်ဆွဲ ပေးခြင်းဖြင့် ချိတ်ဆွဲပြီးတစ်ပတ်ကြာသည်အထိ ဓာတုပိုးသတ်ဆေးဖျန်းရန် မလိုသည့်အတွက် တောင်သူများအနေဖြင့် ပိုးသတ်ဆေးသုံးစွဲမှု လျော့ကျစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မစခန်းတာဝန်ခံ ဒေါ်ခင်မျိုးလတ်၏ ပြောကြားချက်အရ သိရှိရသည်။
အိမွန်ထွန်း (ဝက်လက်)