ကန်ကြီးထောင့် စက်တင်ဘာ ၂၃
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကန်ကြီးထောင့်မြို့မဈေး၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သည့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။
စစ်ဆေးရေးအဖွဲ့သည် မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်မှု ရှိ/မရှိ၊ ပါဆယ် စနစ်ဖြင့်သာ ရောင်းချမှု ရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချမှု ရှိ/မရှိတို့ကို လှည့်လည် စစ်ဆေးပြီး ဈေးရောင်းချသူများအနေဖြင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန်ကြေညာထားသော သတ်မှတ် အချိန်များအတွင်း၌သာ ဖွင့်လှစ်ရောင်းချ သွားကြရန်နှင့် ထိုသို့ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်သွားကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)