လွိုင်ကော် ဒီဇင်ဘာ ၂၁
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကလေးအလုပ်သမားများဖြစ်ရခြင်းအဓိက အကြောင်းအရင်းများမှာ စားဝတ်နေရေးအခက်အခဲများ၊ ရွေ့ပြောင်းနေထိုင်မှုများပိုမိုများပြားလာခြင်း၊ မူလတန်းအဆင့်ကျောင်းတက်ရောက်မှုနှုန်း လျော့ကျခြင်း၊ အလုပ်အကိုင်ခက်ခဲခြင်းတို့ဖြစ်ကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များသည်အရေးကြီးသောကြောင့်အန္တရာယ်ရှိသည့် လုပ်ငန်းများမှ ကလေးလုပ်သားများဖယ်ရှားခြင်း၊ စေခိုင်းသူကို ဥပဒေနှင့်အညီစစ်ဆေးအရေးယူခြင်း၊ လိုအပ်သလိုညွှန်းပို့စနစ်ဆောင်ရွက်ခြင်း၊ ရှေ့ပြေးစီမံချက်နယ်မြေသတ်မှတ်ခြင်း၊ အရည်အသွေးရှိသော လုပ်သားအင်အားရရှိရန် သက်မွေးပညာသင်တန်းများသို့ တက်ရောက်စေပြီး သင့်တော်သောအလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများမဖြစ်ပေါ်စေရေးအတွက် ကလေးသူငယ်များအားလုံး ပညာသင်ကြားခွင့်နှင့် ပံ့ပိုးပေးနိုင်မည့်အစီအစဉ်များ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ကော်မတီဝင်များက သက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များကမိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)