နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုယူရီးယားဓာတ်မြေသြဇာများ တောင်သူများလက်ဝယ်သို့ပေးအပ်

ဖျာပုံ   ဒီဇင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ၊ ဦးကျော်ဝင်းသန်း၏ "ဓန"ဆန်စက်ဝန်းအတွင်းကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုယူရီးယားဓာတ်မြေသြဇာများ၊ တောင်သူများလက်ဝယ်သို့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုယူရီးယားဓာတ်မြေသြဇာများ တောင်သူများလက်ဝယ်သို့ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးဦးစိန်မောင်မြင့်က တိုင်းဒေသကြီးအတွင်း တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေစပါးရာသီတွင် အကျိုးတူကန်ထရိုက် လယ်ယာစနစ်(ContractFarming)ဖော်ဆောင်ပြီး သွင်းအားစုယူရီးယားဓာတ်မြေသြဇာများ တောင်သူများလက်ဝယ်သို့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ထို့နောက်တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းမြင့်နှင့် ဖျာပုံခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်လုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်လင်းတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုယူရီးယားဓာတ်မြေသြဇာများတောင်သူများ လက်ဝယ်သို့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ဖျာပုံမြို့နယ် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့လုပ်ငန်းရှင်များကိုယ်စား မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအုန်းဟန်မှဆွေးနွေးပြောကြားပြီး အကျိုးတူကန်ထရိုက်လယ်ယာစနစ်(Contract Farming)ဖော်ဆောင်သည့် တောင်သူများလက်ဝယ်သို့ ယူရီးယားဓာတ်မြေသြဇာပေးအပ်ကြရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကပေးအပ်ရာ တောင်သူများကအသီးသီးလက်ခံရယူကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလျာထားဧက (၂၅၆၀၀)ဧကတွင် ကျေးရွာအုပ်စု(၃၅)အုပ်စုရှိ တောင်သူ(၈၇၆)ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ဧကလျှင် ချေးငွေ(၂)သိန်းနှင့်ညီမျှသော စိုက်ပျိုးစရိတ်သွင်းအားစုအဖြစ် ယူရီးယားအာမိုကုလားအုတ်လုံးကြီး(၁)အိတ်နှင့် ကောမတ်ပုလဲ(သြဘာ)(၁)အိတ် စုစုပေါင်း(၂)အိတ်အား တစ်အိတ်လျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် တစ်ဧကလျှင်(၂)အိတ်နှုန်းဓာတ်မြေသြဇာများ၊ တောင်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)