ပြည်ပနိုင်ငံများအထိ ဈေးကွက်‌ထိုးဖောက်သည့် ချင်း‌ပြည်နယ်မှဝဥမျိုးများကို ပခုက္ကူမြို့နယ်တွင်ဝဥအစို တစ်ပိဿာကို ငွေကျပ် ၁၁၅၀ဖြင့် လက်ခံဝယ်ယူ

ပခုက္ကူ  ဒီဇင်ဘာ ၂၁

ပြည်ပနိုင်ငံများအထိဈေးကွက်ထိုးဖောက်သည့် ချင်းပြည်နယ်မှဝဥမျိုးများကို ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာအနီး ရွှေနယုန်ဝဥစက်ရုံတွင် ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၁၁၅၀ ဖြင့် ဒီဇင်ဘာလကစတင်ပြီး လက်ခံဝယ်ယူလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်ဒီနေ့လာရောင်းတဲ့ဝဥအစိုက‌တော့ ပိဿာချိန်ပေါင်း(၂၀၀၀)ခန့်ရှိပါတယ်၊ ဝဥစိုက်ပျိုးလုပ်ကိုင်တာ ငါးနှစ်ရှိပါပြီ၊ စိုက်ပျိုးထားတဲ့စိုက်ခင်းသက်တမ်းသုံးနှစ်ပြည့်မှသာ တူးဖော်ရောင်းချရခြင်းဖြစ်ပြီး နှစ်စဉ်ရောင်းချနိုင်ရေးရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် ပုံမှန်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ ချင်းတောင်ဒေသတွေမှာ ဓာတ်မြေဩဇာထည့်၊ ပေါင်းသတ်ဆေး အသုံးပြုပြီး စိုက်ပျိုးလုပ်ကိုင်သူနည်းပါးကာ ‌မိသားစုများတဲ့အိမ်ထောင်စုဝင်တွေအနေနဲ့ တစ်နှစ်ကိုအမြတ်ငွေသိန်း(၁၀၀) ကျော်ရရှိကြပါတယ်၊ ကျွန်တော်တို့က မိသားစုဝင်နည်းတဲ့အတွက်  စိုက်ခင်းပေါင်းသင်ခ၊ တူးဖော်ခနှင့်တောင်ယာမှသယ်ယူ စရိတ်‌တွေအပါအဝင်လာရောက်ရောင်းချတဲ့မော်တော်ယာဉ်တင်ဆောင်ခတွေပါ အားလုံးတွက်မယ်ဆိုရင် အမြတ်ငွေသိန်း(၆၀) ကျော်ပဲရမှာပါ၊ ကျွန်တော်တို့တောင်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ‌ကပ်ဘေးအပါအဝင် ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး ဝဥဈေးကောင်းဖို့သာ မျှော်လင့်နေကြပါတယ်"ဟု ချင်းပြည် နယ်မင်းတပ်မြို့နယ်မှဝဥလာရောက် ရောင်းချသူတစ်ဦးက ပြောပြသည်။

ထို့အပြင် ပခုက္ကူမြို့နယ်၊ ရွှေနယုန်ဝဥစက်ရုံ‌အ‌ဖွဲ့ခေါင်းဆောင် ဦးပြည့်စုံအောင်က “ကျွန်တော်တို့ စက်ရုံတည်‌ထောင် တာသုံးနှစ်ခန့်ရှိပါပြီ၊ ကျွန်တော်တို့ဝယ်ယူ‌တဲ့ ဝဥမျိုးတွေကတော့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့်ကန်ပက်လက် မြို့နယ်တွေကထွက်ရှိတဲ့ ဝဥမျိုးတွေများပါတယ်၊ ဝဥအစိုကိုဒီဇင်ဘာလမှ စတင်ကာ နေ့စဉ်ပိဿာချိန်ပေါင်းအနည်းဆုံး(၃၀၀၀) ကနေ အများဆုံး(၁၀၀၀၀)ခန့်အထိ  လက်ခံဝယ်ယူ လျက်ရှိရာ လက်ရှိအချိန်ထိ ပိဿာချိန်ပေါင်းလေးသိန်းကျော်ရရှိပြီဖြစ် ကြောင်း၊ ဝယ်ယူရရှိတဲ့ဝဥမျိုးတွေကို တရုတ်နိုင်ငံနှင့် ကိုးရီးယားနိုင်ငံ‌တွေထံ အဓိကပြန်လည်တင်ပို့ရောင်းချရတာကြောင့် ပြည်ပနိုင်ငံရှိပြည်သူတွေရဲ့ဝယ်ယူသုံးစွဲမှုအပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါမဖြစ်ပွားမီ ကာလများတွင် ဝဥအစိုတစ်ပိဿာကို အများဆုံးငွေကျပ် ၁၈၅၀ အထိ လက်ခံဝယ်ယူခဲ့ပေမယ့် ယခုနှစ်တွင် ငွေကျပ် ၁၁၅၀ ဖြင့် လက်ခံဝယ်ယူရကြောင်း၊ ဝယ်ယူထားတဲ့ဝဥအစိုတွေကို စက်ရုံကနေရေဆေးကြော သန့်စင်၊ ကြိတ်ခွဲ၊ အခြောက်လုပ်ပြီး နောက်ဆုံးအမှုန့်ဖြစ်တဲ့အထိ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ပေးရ ပါတယ်။ ဝဥမျိုးတွေကို ပြည်ပနိုင်ငံတွေမှာခေတ်မီနည်း ပညာတွေနဲ့ပေါင်းစပ်ပြီး စားသုံးကုန်နှင့်လူသုံးကုန် ပစ္စည်းမျိုးစုံဖြင့် တီထွန်ထုတ်လုပ်ရောင်းချနေကြတဲ့အပြင် စားသောက်ဆိုင်တွေမှာလည်း ဝဥအစားအစာတွေကို ထည့်ရောင်းချနေကြတာတွေရှိပါတယ်။ ပြည်ပနိုင်ငံတွေမှာဖန်တီးပြုလုပ်ထားတဲ့ ဝါဥအစားအစာတွဟာ အဝစားရင်တောင် ဗိုက်ခေါက်ထူတာ၊ လူဝလာတာတွေသိပ်မတွေ့ရတာကြောင့် ခန္ဓာကိုယ်ထိန်းသိမ်း ချင်ကြတဲ့ တရုတ်နှင့်ကိုးရီးယားအမျိုးသမီးတွေဆို ဝဥအစားအစာကိုပဲ အမြဲမှီဝဲစားသုံးကြပါတာများပါတယ်၊ မြန်မာနိုင်ငံမှာလည်း ဝဥတုံနှင့်ဝဥခေါက်ဆွဲအမည်တွေကို မျိုးစုံပြုလုပ်ဖန်တီးပြီး ဖြန့်ချီရောင်းချကြပါတယ်” ဟု ပြောပြသည်။

ဘာမီသာ(ပခုက္ကူ)