မင်းဘူး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင် ထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလ လူဦးရေ သိပ်သည်းမှု မရှိစေရန် ရက်ချိန်းများဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ထိုသို့ ပင်စင်များ ထုတ်ပေးရာတွင် ယခင်ကလစင် ၂၁ ရက်နေ့တစ်ရက်တည်းသာ စုပြုံထုတ်ယူကြပြီး ကိုဗစ်-၁၉ ကာလနောက်ပိုင်းတွင် ဘဏ်ဖွင့်သည့် ရုံးချိန်အတွင်း မည်သည့်ရက်တွင်မဆို လာရောက် ထုတ်ယူနိုင်ကြသည်။ သို့သော် ဒုတိယအကြိမ် ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇ ပြောင်းလည်းသွားပြီး ကူးစက်နှုန်းမြန်ဆန်လာသဖြင့် စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ မနက် ၇ နာရီမှ နေ့လယ် ၃ နာရီအထိ ပင်စင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့ကတော့ ပင်စင်များထုတ်ပေးရာတွင် တစ်ဦးနှင်တစ်ဦး သုံးပေအကွာ နေရာယူစေကာ စနစ်တကျ ထုတ်ပေးခြင်း၊ Mask များတပ်ဆင်ခြင်း၊ လက်ဆေးရေစင်များ တွင် စနစ်တကျ လက်ဆေးခြင်းဖြင့် ပင်စင်များထုတ်ပေးလျက်ရှိပါတယ်။ ယခုလရဲ့ ပင်စင်အပါအဝင် မထုတ်ယူရသေးတဲ့လတွေ အကုန်လုံး ကျွန်မတို့ ထုတ်ပေးပါတယ်။ ဒီမှာ ဘဏ်စာအုပ်ဖွင့်ထားမယ် ပင်စင်လစာကို လစဉ် ဒီဘဏ်အကောင့်ထဲကို ထည့်ပေးပါဆိုရင် လည်း သူတို့ရဲ့ ဘဏ်အကောင့်ထဲမှာ ထည့်ပေးပါတယ်။ နောက်ပြီး စက်တင်ဘာလ ၂၁ ရက် မနက် ၇ နာရီမှ နေ့လယ် ၃ နာရီအထိ ပင်စင်များကို ထုတ်ပေးလျက် ရှိပါတယ် '' ဟု မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်အေးအေးကြိုင်မှ ပြောသည်။
ဇေယျာထက် (မင်းဘူး)