ဂန့်ဂေါမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း (၁၀) ခု ရာနှုန်းပြည့်ပြီးစီး

ဂန့်ဂေါ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၀)ခု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေ ငွေကျပ်သိန်း (၁၀၀) စီဖြင့် ချောင်းခွကျေးရွာတွင် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ ကွမ်းဇဲကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်း၊ မိုးစိုရွာသစ်တွင် ကျေးရွာတွင်း လမ်းခင်းခြင်း၊ လုံဟောကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်း၊ ကုက္ကားကျေးရွာတွင် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ သာကောင်းကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်း၊ ဘူတာသစ် ကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်း၊ တဇန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်း၊ ချိုင်းကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ဖုံးစိုးကျယ်ကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်ပြီး ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းစသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၀)ခုတို့ကို ရာနှုန်းပြည့် ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။

အဆိုပါကျေးရွာ(၁၀)ရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကုန်ထုတ်လမ်း ကျောက်ရောမြေခင်းခြင်းများဖြင့် လမ်းပြုပြင်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ ယခင်က မိုးရာသီတွင် ခက်ခက်ခဲခဲသွားလာနေရသော်လည်း ယခုအခါမှာ အဆင်ပြေချောမွေ့နေပြီ ဖြစ်ကြောင်းနှင့် ကိုဗစ်ကာလတွင် (CERP) အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်တွက် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)