လွိုင်ကော် ဒီဇင်ဘာ ၂၁
ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင် စာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးကြောင်း၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးပြီး ရရှိလာသည့် စာရင်းကိုအခြေခံကာ မှန်ကန်သည့်မဲစာရင်းရရှိရေးနှင့် မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကိုလည်း တစ်ပါတည်းကောက်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်ပို့ချသည့် သင်တန်းတွင် သင်တန်းသားများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာနားလည်သိရှိ သဘောပေါက်ရန်နှင့် အထူးဂရုပြုမှတ်သားကြရန်လိုအပ်ကြောင်း၊ မြေပြင်ရှိလူဦးရေစာရင်းအမှန်ကို ကွင်းဆင်းကောက်ယူရာတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အဆင့်အလိုက် စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပမာဏများပြားသည့်အတွက် အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်၍ လုပ်ငန်းတိကျမှန်ကန်မြန်ဆန်အောင် အလေးနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းဦးက မြေပြင်ကွင်းဆင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သူ ဘောလခဲခရိုင်မှူး၊ ဒုတိယညွန်ကြားရေးမှူးဦးသက်ခိုင်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ သင်ကြားပို့ချရာ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ဝင်းဦးက မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့်တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းနည်းပြများက သင်ခန်းစာများကို ရှင်းလင်းပို့ချပေးကြသည်။
အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ကြကြောင်း၊ ပြည်နယ်အဆင့်နည်းပြများက ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဇင်(လွိုင်ကော်)