ဘားအံ ဒီဇင်ဘာ ၂၁
လူတိုင်းရောဂါဘယကင်းဝေးပြီး အသက်ရှည်၍အနာမဲ့စွာဖြင့် သက်တမ်းစေ့နေထိုင်နိုင်စေရေး ကောင်းမွန် သောကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီ ခန့်က ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းကို ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးက သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအတွက် ငွေကျပ် လေးသိန်းကို ထောက်ပံ့ပေးအပ်သည်။
ယနေ့ဖွင့်လှစ်သည့် သူနာပြုအကူသင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ပထမအကြိမ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၈ ဦး သင်တန်းဆင်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးက သူနာပြုအတတ်ပညာသည် လခကိုသော်လည်းကောင်း၊ ရရှိမည့် အခငွေကြေးကိုသော်လည်းကောင်း၊ ပဓာနမထားဘဲ ကရုဏာ၊ မေတ္တာ၊ စေတနာကို ရှေးရှုရသော လုပ်ငန်းဖြစ်သည့်အတွက် သင်တန်းအောင်မြင်၍ လုပ်ငန်းခွင့်ဝင်သည့်အခါ လူနာအား ကြင်နာမှု၊ သည်းခံနိုင်မှု၊ သက်သာစေမှု အစရှိသည့် စိတ်ရင်းခံသဘာထားများ ထားရှိရန် အရေးကြီးပြီး အလေးအနက်ထား လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)