ညောင်တုန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၁

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာအုပ်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လွတ်လပ်ရေးနေ့ကို အမှတ်ရစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရန်နှင့် စာဖတ်ရှိန်မြင့်မားတိုးတက်စေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန်စသည့် ရည်ရွယ်ချက်ဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များဖြင့် စာအုပ်ပြပွဲကိုကျင်းပရာ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ‌လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် လွတ်လပ်ရေး၏အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့သမိုင်းကြောင်း၊ လွတ်လပ်ရေးနှင့် ပတ်သက်သည့် ကဗျာ၊ ကာတွန်း၊ ဆောင်ပါးများပါသည့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)