အိုးသည်ကုန်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

အုတ်ဖို ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ/တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ ဦးဆောင်သောအဖွဲ့မှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က အိုးသည်ကုန်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် အလှူငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ အဖွင့်အမှာစကားပြောကြားကာ လက်ထောက်အင်ဂျင်နီယာ ဦးထက် အောင်ခန့်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်လင်းတင်ပြပြီး ဒေါ်နန်းမြင့်သီတာမှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဗဟိုမှ အလှူငွေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေများနှင့်စေတနာရှင်များမှ လှူဒါန်းသည့်အလှူငွေများအား ထောက်ပံပေးအပ် သည်။

ထို့နောက် ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့မှ အိုးသည်ကုန်းမြို့ရှိ မသန်စွမ်းလူငယ်နှင့် သက်ကြီးဘိုးဘွားများအား အလှူငွေများထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာရှိ သာသနာ့ရက္ခိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းထိုင် ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူးဒါန်းကာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ အသိပညာပေးစကားဝိုင်း ပြုလုပ်ပြီး အုတ်ဖိုမြို့နယ်မိခင်နှင့်ကလေးအသင်းပိုင် မူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူများအားသွားတိုက်ဆေးနှင့်သွားတိုက်တံများထောက်ပံ့ပေးအပ်ကာ အာဟာရ ကျွေးမွေးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)