သရက် ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အမှာစကားပြောကြားရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းနိုင်ရေးအတွက် အခြခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍဖြစ်ကြောင်း မှန်ကန်တဲ့ မဲစာရင်းပြုစု နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပြီး ရရှိလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရဲ့ လူဦးရေစာရင်းကို အခြေခံပြီး မှန်ကန်တဲ့မဲစာရင်းကို ဆောင်ရွက်မှာဖြစ်ကြောင်းနှင့် ဒီစီမံချက်ဟာ နိုင်ငံတစ်ဝှမ်းလုံး ဆောင်ရွက်ရမည့် နိုင်ငံတော် စီမံချက်ဖြစ်တဲ့အတွက် မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအား ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ (Working Grop) ဖွဲ့စည်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သင်တန်းသား/သင်တန်းသူများအနေဖြင့် အလေးအနက်ထား သင်ကြားနာယူ၍ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းဆွေးနွေးစေလိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် သင်တန်းအားဆက်လက်ပို့ချရာ သင်တန်းနည်းပြများက မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ အထစ-ပုံစံ အလွတ်ဖြင့် ကောက်ယူလာသော စာရင်းများနှင့် ပတ်သက်၍ e-ID Data Base တွင် ယာယီနေထိုင်သူများစာရင်းသွင်းရန်နှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ စာရင်းကောက် လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ ရှင်းလင်းခြင်း၊ ပြောင်းဝင်/ပြောင်းထွက် သေဆုံးများနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း၊ Update ပြုလုပ်ခြင်းလုပ်ငန်းများနှင့် သင်တန်းဆိုင်ရာများကို ပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းအား(၂)ရက် ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)