မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်

မြင်းမူ ဒီဇင်ဘာ  ၂၀

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင်  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက မိမိတို့မြို့နယ်ရုံးအနေဖြင့် အပတ်စဉ်လစဉ် စာပေဝါသနာရှင်များစုပေါင်းကာ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲများ၊ အသိပညာ‌ပေးဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ 

ထို့နောက်စာဖတ်သူများက   စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုနဲ့ စီမံခြင်း” စာအုပ်တွင်ပါရှိသည့် လူဆိုသည်မှာ ခေါင်းစဉ်အားဖတ်ကြားခဲ့ကြပြီး ယင်းစာပိုဒ်မှရရှိသည့် အသိနှင့်တွေးခေါ်ဆင်ခြင်ရသည့်အချက်နှင့် စာရေးသူ၏ စာရေးသားမှုပညာရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စာကြည့်တိုက်တွင် ယခုလအတွင်း အသစ်ရောက်ရှိသည့်သုတ /ရသ စာအုပ်/စာစောင် (၈၀) ကျော်အား ခင်းကျင်းပြသထားရာ စာပေအမြည်းအဖြစ်  ဖတ်ရှုလေ့လာခဲ့ကြသည်။ မြင်းမူမြို့နယ်ရုံး  ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများအဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး (Talk Show)  များကို အပတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)