လေးမျက်နှာမြို့နယ် အထက(ခွဲ) ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လေးမျက်နှာ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက(ခွဲ)ခတ္တူအခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ကျောင်းသားကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ရွှေမှ လူငယ်များ အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေမှတဆင့် ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်များဖြစ်သည့်အခါ ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် လိုအပ်ကြောင်းဟောပြောခဲ့ပြီး လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းမှ ကျောင်းသား ကျောင်းသူများ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးအောင်သန်းဌေးမှ စားသုံးရန်မသင့်သော အစားအစာများ အကြောင်း၊ အခြေခံပညာကျောင်းများ၌ စားသုံးရန်မသင့်သောအစားအစာများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ရုံးမှ အားကစားမှူး၊ ဦးတေဇာမျိုး က လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

အခမ်းအနားသို့ အထက(ခွဲ)ခတ္တူအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)