ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

ဂန့်ဂေါ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက မြို့နယ်ထွေ/အုပ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ရပ်/ကျေး စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတာဝန်ကျရာ ရပ်ကွက်/ ကျေးရွာများတွင် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများကို စနေ၊ တင်္ဂနွေ ရုံးပိတ်ရက်များတွင် ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဩဂုတ်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် တစ်ဦးလျှင်န ေ့တွက်စရိတ် (၄၈၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉၁၂၀၀/-) ကို ထောက်ပံ့ခြင်းဖြစ်ကြောင်းနှင့် မိမိတာဝန်ယူဆောင်ရွက်ရသော ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်စေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ဒုတိယဦးစီးမှူး ဦးမင်းအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်နုနုဆွေတို့က ဂန့်ဂေါ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်း) (၇၄) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀) ကို ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)