တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာမှ မိရိုးဖလာအိုးလုပ်ငန်း

တောင်တွင်းကြီး ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၏ အနောက်ဘက် ၁၂ မိုင်အကွာ ဗိဿနိုးမြို့ဟောင်းအနောက်ဘက်တွင်ရှိသည့် ကုက္ကိုခွကျေးရွာ၏ မိရိုးဖလာအိုးလုပ်ငန်းသည် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာသည့် ရိုးရာလက်မှုအတက်ပညာလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းဆိုင်ရာအချက်အလက်များမှ အရိုးအိုးမြုပ်နှံမှုဆိုင်ရာအထောက်အထားများ၊  ရေစင်တော်သွန်းအိုး၊ ငှက်ရုပ်ပုံအရိုးအိုးစသည့် သမိုင်းကြောင်းဆိုင်ရာအထောက်အထားများနှင့် လေ့လာတွေ့ရှိချက်များအရ  အိုးလုပ်ငန်းသည် ပျူခေတ်ကတည်းက ထွန်းကားလာခဲ့သော မြန်မာတို့၏လက်မှုအတက်ပညာတစ်ခုလည်း ဖြစ်ခဲ့ပါသည်။

အိုးလုပ်ငန်းကို မိုးအကုန်ဖြစ်သည့် သီတင်းကျွတ်လတွင်စတင်လုပ်ကိုင်ကြပြီး တန်ခူးလ၊  ကဆုန်လအထိ လုပ်ကိုင်ကြကြောင်းသိရသည်။

အိုးလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်အနေဖြင့် ပထမဦးစွာ ရွံ့ခူးခြင်းလုပ်ငန်းကိုဆောင်ရွက်ရပြီး ကြီးရိုးကြီးကွင်းမှ ရွှံ့များအားသယ်ယူ၍ လိုအပ်သည့်အရွယ်အစားရရန် ရွံ့တုံးအား ထုချေပေးပြီးနေလှန်းရပါသည်။ လှည်းတစ်စည်းစာမြေကြီးဆိုလျှင် သဲသုံးအိတ်ခန့်ရောရပြီး ရေစိမ်ကာ ရွှံ့နှပ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပါသည်။ ထို့နောက်  ဂုံပြာခင်းကာ အစီးပေါက်အောင် ခြေထောက်ဖြင့်နင်းရသော ရွှံ့နင်းခြင်းလုပ်ငန်းကို အဆင့်ဆင့်ဆောင်ရွက်ရပြီး အိုးထိန်းစက်ဖြင့် အိုးပုံဖော်ခြင်း၊ အိုးမော်ခြင်း၊ တစ်ဆင့်ပြန်ဖွခြင်း၊ ပန်းရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရပါသည်။ ထိုသို့ဆောင်ရွက်ပြီး အိုးများကို အရိပ်ထဲတွင် ၂ ညအိပ် ၃ ရက်ထားရပြီး နေပူတွင် ၃ ရက် ထုတ်လှန်းရကာ နေလှန်းပြီးအိုးများကို နွားလှည်းဖြင့် စနစ်တကျတင်ဆောင်၍ အိုးများကိုမီးဖုတ်မည့် အိုးဖိုသို့ သယ်ယူရပါသည်။ အိုးဖိုမည့်နေရာမှာတွင် ပထမဦးစွာ ထင်းစီခြင်း၊ ထင်းခွေခြင်းလုပ်ငန်းများဆောင်ရွက်ရပြီး ထိုထင်းများပေါ်တွင် မီးဖုတ်မည့်အိုးများကို စနစ်တကျခွေရပါသည်။ အိုးများစနစ်တကျခွေပြီးပါက အိုးဖိုပတ်လည် ထင်းစီခြင်းနှင့်ကောက်ရိုးများဖြင့်ဖုံးအုပ်ခြင်းများ ဆောင်ရွက်ရပါသည်။ အိုးမီးဖုတ်ရာတွင် သတ်မှတ်ထင်းအမျိုးအစား၊ အရွယ်အစားကိုသာအသုံးပြုရပြီး မီးအပူချိန်ကိုလည်း ချိန်ဆတက်ဖို့လိုအပ်သလို မီးအပူချိန်အချိန်အဆမှားယွင်းခဲ့ပါက အိုးများအားလုံး အဖက်မတင်ဖြစ်တက်ကြောင်းနှင့် အိုးမီးဖုတ်ရာတွင် တစ်ညအိပ်ဖုတ်ရကာ နောက်တစ်နေ့မနက်ရောက်ပါက အိုးများဖော်ယူပြီး ဈေးကွက်ကို တင်ပို့ရောင်းချရပြီဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

အိုးလုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သည့် မြေကြီးကို ကြီးရိုးကြီးကန်အတွင်းမှ တူးဖော်ရယူကာ လှည်းတစ်စီးလျှင် ၄၀၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်းနှင့် ထင်းလှည်းတစ်စီးလျှင် ၇၀၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ လှည်းတစ်စီးစာမြေကြီးကို ရွှံ့နှပ်ခြင်း ရွှံ့နင်းခြင်းများ ဆောင်ရွက်ပြီးပါက မြေကြီး ၃ ကျီထွက်ရှိပြီး အိုးအလုံးရေ(၁၀၀)ကျော်ထွက်ရှိကာ အိုးမီးဖုတ်ရာတွင် တစ်ဖိုကို အိုးအလုံးရေ(၂၀၀)ကျော် ဝင်ဆံ့ကြောင်းသိရသည်။

အဓိကပြုလုပ်တဲ့အိုးများမှာ သောက်ရေအိုးဟုခေါ်သည့် ရေထည့်အိုးဖြစ်ပြီး တစ်နေ့ကို(၃၃)လုံး ဆောင်ရွက်ပြီးကြောင်း၊ သောက်ရေအိုးအပြင် ကောက်ညှင်းပေါင်းအိုး၊ မြေဟင်းအိုး၊ ရေတည်အိုးကြီး၊ ရွက်အိုးအလတ်၊ ကျောင်းသားထမ်းအိုး၊ ဘုရားသောက်တော်ရေအိုး၊ ထန်းရည်မြူအိုး၊ မုန့်ပြားသလပ်အိုးများအပြင် သင်္ကြန်ကာလဆိုလျှင် သင်္ကြန်အတာအိုး၊ သီတင်းကျွတ်ကာလဆိုလျှင် ဆီမီးခွက်များကိုပါ ဆောင်ရွက်ကြကြောင်း သိရသည်။

ဈေးကွက်အနေဖြင့် သောက်ရေအိုးတစ်အိုးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဖောက်သည်ပြန်လည်ပေးသွင်းရကာ တောင်တွင်းကြီးမြို့နယ်အပြင် မကွေး၊ မင်းဘူး၊ နတ်မောက်၊ မြို့သစ်၊ မလွန်၊ ကိုးပင်၊ မိချောင်းရဲ၊ ပြည်၊ အောင်လံစသည့် မြို့များအထိ တင်ပို့နေရကြောင်း သိရသည်။

တောင်းတွင်းကြီးမြို့နယ်၏အနောက်ဘက် ဗိဿနိုးမြို့ဟောင်းအနီးတွင်ရှိသည့် ကုက္ကိုခွကျေးရွာအပြင် အနီးတဝိုက်ရွာများဖြစ်သည့် ဂျုတ်ကုန်းကျေးရွာ၊ ရခိုင်စုကျေးရွာတို့တွင်လည်း မိရိုးဖလာအိုးလုပ်ငန်းကို

လုပ်ကိုင်လျက်ရှိပြီး ဘဝအမောများ၊ ချွေးစက်များကိုရင်းကာ အနုပညာဆန်စွာဖန်းတီးရင်း  ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းကာ လက်ဆင့်ကမ်းလုပ်ကိုင်လာသည့် ရိုးရာလက်မှုအတက်ပညာလုပ်ငန်းတစ်ခုဖြစ်သော  အိုးလုပ်ငန်းကို ယနေ့ထက်တိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမိုးမိုးမြင့်