မင်းလှမြို့၌မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးနှင့် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးနှင့် သက်ကြီးဘိုးဘွားများအားကန်တော့ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ပြောကြားရာတွင် မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများနှင့် ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသမီးများဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မုန့်လုပ်နည်းသင်တန်း၊ ဇာထိုးပန်းထိုးနည်းသင်တန်း၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြမင်းက အဖွဲ့မှလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၉)ရပ်ကွက်တို့မှ သက်ကြီးဘိုးဘွား(၂၀)ဦး၊ မြို့နယ်သာသနာ့ဗိမာန်တွင် အမှတ်(၁)၊အမှတ်(၂)၊အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၈)၊ အမှတ်(၁၀)ရပ်ကွက်တို့မှ သက်ကြီးဘိုးဘွား(၃၀)ဦးနှင့် သက်ကြီးဘိုးဘွားကန်တော့ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အမှတ်(၆) ရပ်ကွက်မှ အဘွား(၁)ဦး၊ အမှတ်(၈)ရပ်ကွက်မှ အဘွား(၁)ဦး၊  စုစုပေါင်းသက်ကြီးဘိုးဘွား(၅၂)ဦးတို့အား တစ်ဦးလျှင်ကယ်လ်ဆမ်ကွေကာ တစ်ပါကင်ထုပ်(၁)ထုပ်၊ ကြက်ဥ(၁၀)လုံး၊ ဖီးကြမ်းငှက်ပျော(၁)ဖီး၊ ငွေ(၅၀၀၀)ကျပ်၊ တို့ဖြင့်ကန်တော့ခဲ့သည်။

အဆိုပါ သက်ကြီးဘိုးဘွားကန်တော့ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အဘွား(၂)ဦးအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကအိမ်တိုင်ရာရောက်သွားရောက်၍ ကန်တော့ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)