မေတ္တာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီဆိုင်များအား လိုက်လံစစ်ဆေး

မေတ္တာ၊ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ရှိစက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် နယ်မြေမီးသတ်စခန်းမှ ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၊ ဌာနဆိုင်ရာများ၊ နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရကျော်နှင့် တပ်ဖွဲ့ဝင်များက မေတ္တာမြို့ ရပ်ကွက်/ ကျေးရွာများရှိ စက်သုံးဆီဆိုင်များအား မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို သိရှိလိုက်နာစေရန်၊ မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များနှင့် မီးသတ်ဆေးဗူးများကို အများပြည်သူများ ထင်သာမြင်သာရှိနိုင်သောနေရာများတွင် ထားရှိကြရန်၊ ဆီများဖြည့်နေစဉ် ဖုန်းမပြောရ၊ ဆေးလိပ်မသောက်ရ၊ မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အမြန်ဆုံး ဆက်သွယ်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်အချက်များကို လိုက်နာကျင့်သုံးကြရန်နှင့် ဒီဇယ်/ဓါတ်ဆီ စသောစက်သုံးဆီအမျိုးမျိုးတို့ကို သိုလှောင်ထားသည့် ကန်များ၊ ပုံးများနှင့် ရေကန်များ၊ ရေများဖြည့်ထားသည့်ရေပုံးတို့ကို မည့်သို့ဆောင်ရွက်ထားရှိခြင်းတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရန်နောင်စိုး မေတ္တာ(ပြန်/ဆက်)