တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မဲဆန္ဒရှင်စာရင်းအထောက်အကူပြု လူဦးရေစာရင်းများ မြို့နယ်အလိုက် (Cross Check) ဖြင့် ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်အဝေးသို့တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၁၉

မဲဆန္ဒရှင်စာရင်းအထောက်အကူပြုလူဦးရေစာရင်းများ မြို့နယ်အလိုက် (Cross Check) ဖြင့် ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆောင်ရွက်နိုင်ရေးနှင့် စာရင်းဇယားမှန်ကန်ရေးအတွက်ကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းဇယားနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အတိုင်းအတာတစ်ခုအထိရရှိအောင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မှတ်ပုံတင်မရရှိသေးသောသူများအား မှတ်ပုံတင်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရာခိုင်နှုန်းပြည့်ရရှိအောင် ဆောင်ရွက်ထားရှိပြီးဖြစ်ပြီး နိုင်(၂)ဖြင့် စာရင်းဇယားရေးသွင်းမှုများကိုလည်း ပြီးပြည့်စုံအောင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်(၂)ခုကိုင်ဆောင်ထားသူများ၊ အိမ်ထောင်စုစာရင်းတွင်မပါရှိသူများ၊ စာရင်းဇယားလျော့သူများ၊ သေဆုံးသူများနှင့်ပတ်သက်၍ ပုံစံ (၆၆) ဖြင့် မြို့နယ်အလိုက်ကွင်းဆင်းပြီး တိုက်ဆိုင်စစ်ဆေးမှုများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းဇယားတွေ့ရှိချက်များအား လာရောက်ရှင်းလင်းဆောင်ရွက်ပေးသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် လိုအပ်ချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲဥပဒေများပါစာရင်းစစ်ဆေးခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ အခြေခံလူဦးရေစာရင်းပြုစုထားရှိမှုအခြေအနေများနှင့် မဲဆန္ဒရှင်စာရင်းအထောက်အကူပြု ပြုစုပြီးလူဦးရေစာရင်းများအား တိုင်းဒေသကြီးအတွင်း မြို့နယ်များအလိုက် (Cross Check) ပြုလုပ်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်စိစစ်ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မြို့နယ်အလိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)