မြို့သစ်မြို့ ဆီးသီးစျေးကွက်သို့ ဆီးသီးများ စတင်ဝင်ရောက်

မြို့သစ် ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ ဇီးသီးစျေးကွက်သို့ဇီးသီးများ စတင်ဝင်ရောက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ ဇီးသီးဝယ်ယူသူတစ်ဦးထံက သိရသည်။

အညာဒေသတွင်ဆီးသီးပင်များကို စိုက်ပျိုးခြင်းမရှိပဲအလေ့ကျ ဆီးသီးပင်များကို ယာပိုင်ရှင်လယ် ပိုင်ရှင်များက ပြုပြင်ကာ အပွင့်ပွင့် အသီးသီးရင့်မှည့်ချိန် ဆီးပင်အောက်၌ ပေါင်းမြက်ရှင်းကာ ဆီးသီးကောက်ယူရောင်းချကြကြောင်း၊ မြို့သစ်မြို့နယ်အတွင်း ကျေးလက်တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျဆီးသီးပင်များက မိသားစုတဘက်တလှမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် အလေ့ကျပဒေသာပင်များ ဖြစ်ကြောင်း၊ ဆီးသီးသီးပြီးလျှင် ဆီးပင်ဆူးကိုင်းများကို ခုတ်ကာခြံစည်းရိုးအဖြစ်ပြုလုပ်၍ ကာရံကြကြောင်း သိရသည်။

ဆီးပင်များ တစ်သီးသီးပြီးတိုင်းခုတ်မှသာ ဇီးပင်များ အညှောင့်၊ အကိုင်း အထွက်သန်ကာ နောက်တကြိမ်ပြန်လည် အပွင့်ပွင့်အသီးသီးချိန် ဆီးသီး အလုံးထွားကြောင်း ဒေသခံများက ပြောသည်။

မြို့သစ်မြို့နယ်တွင်း ဆီးသီးပင်အမြောက်အများရှိကြပြီး ဆီးသီးမှည့်ကောက်ယူရောင်းချချိန် စတင်ပေါ်ချိန် တစ်တင်းလေးထောင်ကျပ်ဖြင့် စတင်ရောင်းချ ခဲ့ရရာမှဆီးသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်တင်းရှစ်ထောင့်ငါးရာကျပ် ဖြစ်လာခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်/ဆက်)