မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခြေခံ၊ အဆင့်မြင့်) အပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

မယ်စဲ့  ဒီဇင်ဘာ    ၁၉

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးပညာပေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ၊အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က အမျိုးသမီးငယ်များအတွက် လကြာ ဖွင့်လှစ်ပြီးစီးခဲ့သည့် အခြေခံ၊ အဆင့်မြင့် အပ်ချုပ်စက်သင်တန်းကို တက်ရောက်ခဲ့သည့် သင်တန်းသူများအနေဖြင့် တက်မြောက်ထားသည့် ပညာရပ်များကို ဆက်လက်လေ့လာသင်ယူပြီး အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆော်ရယ်က သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များဖြင့် မိမိတို့ ကိုယ်ပိုင်ဝင်ငွေရရှိစေရန် လုပ်ကိုင်စေလိုကြောင်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)