ပခုက္ကူ စက်တင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ(၁၂)တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်း(၁၆)ခု ရာနှုန်းပြည့်ပြီးစီးအောင်မြင်ပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း (၁၀၀) စီဖြင့် ပခုက္ကူမြို့နယ်၊မှိုက်ပင်ကုန်းနှင့်သစ်ပုလွေကုန်းကျေးရွာတို့တွင် ကျေးရွာ တွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ မကျီးပင်ပုနှင့်ရှားတောကျေးရွာတို့တွင် ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်း၊ မကျီးတန်းနှင့် မြစ်ဖျားကျေးရွာတို့တွင် ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်း၊ ရှားဒူးကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ပြုပြင်ခြင်းနှင့် မြေနီကျောက်စရစ်ခြင်း၊ ဒဲ့ပြားကျေးရွာတွင် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းနှင့် ကွန်ကရစ် လမ်းခင်းခြင်း၊ မြောက်လူး ကန်ကျေးရွာတွင် မြေသားရေကန် ခြံစည်းရိုးကာရံခြင်း၊ မကျီးကန်ကျေးရွာတွင် အခြေခံပညာ မူလတန်းစာသင်ကျောင်းဆောင် ပြုပြင်ခြင်းလုပ်ငန်း၊ မြင်းစကောကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင်ပြုပြင်ခြင်းနှင့် စာသင်ဆောင်ခြံစည်းရိုးကာရံခြင်း၊ ဇီးကုန်းကျေးရွာတွင် ကျေးရွာခန်းမဆောင် ပြုပြင်ခြင်းနှင့် ခန်းမဆောင်ခြံစည်းရိုးကာရံခြင်း စသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၆)ခုတို့ကို ရာနှုန်းပြည့် ပြီးစီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ကျေးရွာ ပြည်သူ လူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခပေးချေမှုစနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ (၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၁၆)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရာ ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိကြကြောင်း သိရသည်။
ဆလိုင်းကိုကီး