ပုသိမ် ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၌ မဟာဗန္ဓုလပန်းခြံ ကလေးကစားကွင်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါပန်းခြံ ကလေးကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကလေးစားကကွင်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပုသိမ်မြို့သည် မြို့ပေါ်နေလူဦးရေများပြားသောကြောင့် မြို့နေပြည်သူများနှင့်ကလေးငယ်များ အားလပ်ရက်များတွင် အပန်းဖြေကစားနိုင်ရန်အတွက် မဟာဗန္ဓုလပန်းခြံတွင်ပြင်ဆင်၍ ကလေးကစားစရာများထည့်သွင်း၍ ကစားကွင်းအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကစားကွင်းသို့လာရောက် ကစားကြမည့် ကလေးငယ်များနှင့်အတူ ပါလာကြမည့် မိဘများနှင့် အစ်ကို၊ အစ်မများလည်း အနားယူအပန်းဖြေ၍ အားကစားပြုလုပ်နိုင်ရန် ထည့်သွင်းစီစဉ်ထားပါကြောင်း၊ ကလေးငယ်များအတွက်အဓိကထား ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး ရေရှည်တည်တံ့ရေးနှင့် ယခုထက်ပိုမို ပြည့်စုံလုံခြုံပြီး ကစား၍ကောင်းမွန်သည့် ပစ္စည်းများထပ်မံဖြည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပန်းခြံနှင့်ကလေးကစားကွင်းသို့ လာရောက်အပန်းဖြေကြသည့်သူများ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကစားနိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် တစ်ဦးချင်းမှစ၍ သန့်ရှင်းသပ်ရပ်မှုအား ဝိုင်းဝန်းကူညီပေးကြရန်”ပြောကြားသည်။
ဆက်လက်၍ မဟာဗန္ဓုလပန်းခြံ ကလေးကစားကွင်း တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ဝန်ကြီးချုပ်အား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား ပေးအပ်သည်။ ယင်းနောက် မဟာဗန္ဓုလပန်းခြံ ကလေးကစားကွင်းအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကလေးကစားကွင်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ မဟာဗန္ဓုလပန်းခြံ ကလေးကစားကွင်းတွင် လျောစင်ကြီး၊ လျောစင်သေး၊ ဒန်း၊ တွယ်တက်စင်၊ စီးလျှော၊ ကြိုးတံတားပါကြောင်လိမ်လှေကား၊ ရေတံခွန်၊ လျှောက်လမ်းပါ သုံးပွင့်ဆိုင်အသဲပုံ၊ ထိုင်ခုံပါအသဲပုံတို့ဖြင့် တပ်ဆင်ထားရှိပြီး ကလေးများနှင့်အတူပါလာသည့် အုပ်ထိန်းသူများ ကိုယ်လက်လှုပ်ရှားကစားနိုင်ရန် Outdoor Fitness များကိုပါ တပ်ဆင်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချူပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပုသိမ်-စိန်ကုန်း- သံပတ်ကုန်းလမ်း ၂ ဖာလုံပေ ၄၀၀ အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှူအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးစေရေးနှင့် လမ်းပုခုံးများ စနစ်ကျဆောင်ရွက်ရေးမှာကြားသည်။ အဆိုပါ ပုသိမ်-စိန်ကုန်း- သံပတ်ကုန်းလမ်းသည်(၀/၀-၂/၅)အထိ(၂မိုင်၅ဖာလုံ)ရှည်လျားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ ၂ မိုင်အား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပြီးဖြစ်၍ ယခုဘဏ္ဍာနှစ်တွင် ၂ ဖာလုံပေ ၄၀၀ အားဆောင်ရွက်လျက်ရှိကာ ကျန်လမ်းပိုင်းအား ဘဏ္ဍာနှစ်အလိုက်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)