မင်းဘူး(စကု)မြို့နယ် ပင်လယ်သက်ကျေးရွာတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

မင်းဘူး ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပင်လယ်သက်ကျေးရွာ ကွင်းအမှတ် (၁၁၅၀) တောင်သူ ဦးသက်ထွန်း၏ လယ်မြေ (၁၀) ဧကတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်က သီးနှံများကို စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့ချကိရိယာဖြင့် စနစ်တကျ စိုက်ပျိုးခြင်းက တောင်သူများအတွက် အကုန်အကျသက်သာသလို အပင်ရှင်သန်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ကာ သီးနှံအထွက်နှုန်းများ ကောင်းသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်သောကြောင့် စိုက်ပျိုးသင့်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးသက်ထွန်း၏ လယ်မြေဧကပေါ်တွင် ရေဆင်း (၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းအား တန်းကြား လက်မ (၂၀)၊ ပင်ကြား (၁၀) လက်မ ခြားပြီး စိုက်ပျိုးနေမှုအား ပင်လယ်သက်ကျေးရွာမှ တောင်သူ (၃၀) ဦးက လာရောက်ကြည့်ရှုကာ  စိုက်ခင်းများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် အချိန်ကုန်၊ ငွေကုန် သက်သာစေပြီး အပင်များ ပိုမိုဖြစ်ထွန်းကာ အထွက်နှုန်း ကောင်းမွန်သည့်အတွက် သဘောကျကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)