၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေး          ဒီဇင်ဘာ        ၁၈

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးပညာရေးဒီဂရီ ကောလိပ်တွင်ဖွင့်လှစ်သည့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းကို စတင်တက်ရောက်မည့် ကျောင်းသား/သူများအား ကြိုဆိုသည့်အခမ်းအနားသည် အခြေခံပညာနှင့်ဆရာအတတ်ပညာကဏ္ဍတို့အတွက် ဝမ်းမြောက်ဂုဏ်ယူရမည့်အခမ်းအနားဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မကွေးပညာရေးဒီဂရီကောလိပ်တွင် ဆရာအတတ်ပညာများကို (၄)နှစ်တာတက်ရောက် သင်ကြားရမည်ဖြစ်ပြီး B.A(Education)နှင့် B.Sc(Education)ဘွဲ့များအား ရရှိမည်ဖြစ်ပြီး မိမိတို့ကြိုးစား အားထုတ်မှုအလိုက်(B.Ed)၊ မဟာပညာရေးဘွဲ့(M.Ed)နှင့် ပါရဂူဘွဲ့(Ph.D)အထိ ရယူနိုင်သည့် အခွင့်အလမ်းများရှိပါကြောင်း၊ ယနေ့ခေတ်သည် ပညာရေးခေတ်ဖြစ်သည်နှင့်အညီ လေးနှစ်သင်ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ဖြစ်လာစေရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ဆရာအတတ်ပညာဦးစီးဌာနတို့မှ ပူးပေါင်းပြီး ဆရာ/ ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် (TCSF)ကိုအခြေခံ၍ အသစ်ရေးဆွဲ ပြုစုသင်ကြားပို့ချလျက်ရှိပြီး ကျောင်းသား/သူများအနေဖြင့် မိမိတို့သိရှိထားသော အယူအဆသဘောတရားများကို လေးနှစ်တာကာလအတွင်း အပြန်ပြန်အလှန်လှန် လေ့လာကြရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် “ပညာအရည်အသွေးကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်သည့်ဆရာရရှိအောင် ပျိုးထောင်ပေး”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အရည်အသွေးကောင်းမွန်သည့်ပညာရေးကို အရည်အချင်းပြည့်ဝသည့် ဆရာများကသာ ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်မျိုးသားလုံး၏ပညာရည်မြင့်မားရေးအတွက် ပညာရေးကဏ္ဍကို စနစ်တကျအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆရာ၊ ဆရာမလောင်း ကျောင်းသား/သူများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ကြံဆောင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်သည့် အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမများဖြစ်လာသည်အထိ သင်တန်းတက်ရောက် နေစဉ်ကာလအတွင်း အစွမ်းကုန်ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက ကျောင်းသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး သစ်လွင်မောင်၊ သစ်လွင်မယ်များမှ လမ်းလျှောက်ကိုယ်ဟန်ပြခြင်းအား ဆောင်ရွက်ခဲ့ပြီးနောက် ကျောင်းသား/သူများမှ တေးသီးချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုရရှိသည့် သစ်လွင်မောင်၊ သစ်လွင်မယ်ဆုရရှိသည့် ကျောင်းသား/သူများကို စလွယ်များနှင့်ဆုငွေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့်ဇနီးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား/သူများက အက၊ အလှတေးသံသာများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေကျပ်(၁၅)သိန်းအား ပေးအပ်ခဲ့ပြီး မကွေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်၌ မကွေးပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား/သူ(၃၁၅)ဦး၊ ပထမနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား/သူ(၃၅၂)ဦး၊ ဒုတိယနှစ်(ပထမနှစ်ဝက်)ကျောင်းသား/သူ(၇၉)ဦး စုစုပေါင်း ကျောင်းသား/သူ(၇၄၆)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)