မြိတ်မြို့တွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း Talk Show ပြုလုပ်

မြိတ်  ဒီဇင်ဘာ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (မြိတ်မြို့နယ်ဦးစီးမှူးရုံး)တို့ပူးပေါင်း၍ မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း Talk show ပြုလုပ်ဆွေးနွေးခဲ့ကြသည်။

မြို့နယ်အတွင်းလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း Talk show ကို မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် အီလစ်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Software အတွင်း ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်းများကို Print ထုတ်ယူ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းတစ်ခုချင်းစီအား မှန်ကန်သောစာရင်းရရှိစေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအတွက်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီးမှူးဒေါ်ဝါဝါခိုင်က Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းဆွေနှင့်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်လင်းဝေတို့က မြို့နယ်အတွင်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းအတွက် ကွင်းဆင်းအဖွဲ့ဖွဲ့စည်းခြင်း၊ ဆောင်ရွက်မည့် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ကြသည်။

မြိတ်မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီ(၉)ရက်မှစတင်၍ မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီတို့မှ ဦးဆောင်၍ ရပ်ကွက်ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့(၁၈၉)ဖွဲ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်