အုတ်တွင်းမြို့နယ်၌ စာရေးဆရာ မြင့်မြတ်သူ(ရတနာသိင်္ခ)ရေးသားသည့် “ပြာသိုလပြည့် မြန်မာ့အမေများနေ့’’ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိ စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ မိဘကျေးဇူးဆပ်နိုင်သည့် သားကောင်းရတနာလေးများဖြစ်ကြစေရန် ရည်ရွယ်၍ စာရေးဆရာမြင့်မြတ်သူ (ရတနာသိင်္ခ)ရေးသားသည့် “ပြာသိုလပြည့်မြန်မာ့အမေများနေ့”ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချို(ကညွတ်ကွင်း)က မာတာမိခင်များ၏ မေတ္တာတရားကြီးမားပုံနှင့်၊ မြတ်စွာဘုရားသည် အမေ့မေတ္တာကို အထူးတန်ဖိုးထားခဲ့ကြောင်း၊ မိခင်မွေးဖွားခဲ့တာကြောင့် သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားဖြစ်ခဲ့ရပါကြောင်း၊ အထွဋ်အမြတ်တန်ဖိုးရမှာဖြစ်သည့်အကြောင်း၊‌​ ကျောင်းသားလူငယ်များအ‌နေဖြင့် သားမိဘ‌ကျေးဇူးဆပ်နိုင်သည့်သား‌ကောင်း၊ သမီး‌ကောင်းရတနာများဖြစ်ကြပြီး၊ မိဘဝတ်ငါးပါး အထူးကျေပွန်သူတွေ ဖြစ်ကြစေလိုကြောင်း စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်း အမြင်ချင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)