ငဖဲ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံတို့မှဆည်ရေတို့ကိုအသုံးပြု၍ ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံမျိုးစုံ(၆၄၈)ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ သီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံ(ဆောင်း)များအဖြစ် မြေပဲ၊ နှမ်း၊ နေကြာနှင့်ပန်းနှမ်းကို စိုက်ပျိုးကြပြီး မြေပဲစိုက်ပျိုးရန်(၃၃၅)ဧက၊ နှမ်း(၅၂၁)ဧက၊ နေကြာ(၈၅)ဧကနှင့် ပန်းနှမ်း(၇၅)ဧက စုစုပေါင်း(၁၀၁၆)ဧကစိုက်ပျိုးရန်လျာထားရာ ယနေ့ထိ မြေပဲ(၁၁၄)ဧက၊ နှမ်း(၁၅၈)ဧက၊ နေကြာ(၃၀၃)ဧကနှင့် ပန်းနှမ်း(၇၃)ဧက စုစုပေါင်း(၆၄၈)ဧကစိုက်ပျိုးပြီးစီးပြီး ဒေသခံတောင်သူများအနေဖြင့် လျာထားချက်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါမိုးစပါးများရိတ်သိမ်းခြွေလှေ့ဆဲဖြစ်၍ မိုးစပါးအပြီး ဆီထွက်သီးနှံများကို ဆက်လက်၍စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်ဆီထွက်သီးနှံအဖြစ် နေကြာကိုပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်းနှင့် ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ဆီထွက်သီးနှံမျိုးစုံ(၁၀၁၆)ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ အထွက်နှုန်းများကောင်းမွန်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ဆီထွက်သီးနှံများကို ပင်ဦး၊ ချောင်းဖြူ၊ ပန်းထိမ်း၊ နယ်ဇော၊ ပေါင်းကလေး၊ ဆင်ချည်တိုင်၊ ရင်းရှည်၊ ဆူးပဒေါင်းအုပ်စုတို့တွင် အများဆုံးစိုက်ပျိုးကြကာ ယခင်နှစ်ကထက် သီးနှံများအထွက်နှုန်းကောင်းမွန်ရန်နှင့် ဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်းနှင့် ဆီထွက်သီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး၊ သီးနှံအရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)