ဟင်္သာတ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သွားနှင့်ခံတွင်း ဆေးကုသဆောင်သစ် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းဝေးခန်းမဆောင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဌေးဌေးလှိုင်မှ ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့နောက် အလှူရှင် ဒေါ်ယဉ်မာဝင်းမှ သွားနှင့် ခံတွင်းဆေးကုသဆောင်သစ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် မိသားစုတို့မှ အဆောက်အဦးအား လွဲပြောင်းပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်ခဲ့သည်။
ယနေ့ လွဲပြောင်းပေးအပ် လှူဒါန်းခဲ့သော သွားနှင့်ခံတွင်း ဆေးကုသဆောင် သစ်ကို လေးမျက်နှာမြို့နယ်နေ အလှူရှင် ဒေါ်ယဉ်မာဝင်း သား မောင်ဝင်းမိုးဦး ၊ သမီး မသျှင်မြတ်နိုး မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး အဆောက်အဦး အမျိုးအစားမှာ 20x40 ပေရှိပြီး RC နှစ်ထပ်အမျိုးအစား ဖြစ်ကာ စုစုပေါင်း ကုန်ကျငွေ ကျပ် ငါးရာခုနှစ်သိန်းနှစ်သောင်း ဖြစ်ကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ