၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဘားအံမြို့နယ်၌ မဲရုံပေါင်း ၂၃၀ ရုံဖြင့်ကျင်းပသွားမည်

ဘားအံ၊  စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း၌ မဲရုံပေါင်း ၂၃၀ ရုံဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော ကျေးရွာတစ်ရွာရှိကြောင်း ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဘားအံမြို့နယ်တွင် တစ်သီးပုဂ္ဂလ ၆ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ ကိုယ်စာလှယ်လောင်း စုစုပေါင်း ၇၀ ဦး ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ထိ ပထမအကြိမ် ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒရှင်ဦးရေ (၃၆၂၀၄၂) ဦးရှိကာ  ပုံစံ(၃)၊ (၃-က)၊ (၄)၊ (၄-ဂ)တို့ဖြင့် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး ဒုတိယအကြိမ် ထုတ်ပြန်မည့် မဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေ ၃၆၄၁၄၄ ဦးရှိကြောင်းနှင့် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာမည့်ရက် အတိ အကျကိုမသိရှိရသေးဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာသည့်နေ့တွင် ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် အသက်အရွယ်ကြီးရင့်၍ မဲရုံသို့ သွားရောက်မဲမပေးနိုင်သော သက်ကြီးရွယ်အို ၃၄ ဦးနှင့် လေဖြတ်ဝေဒနာခံစားနေရသူ ၅၃ ဦးတို့အပါအဝင် မသန်စွမ်းသူ စုစုပေါင်း ၄၀၇ ဦးရှိပြီး ထိုသူများကို ကြိုတင်မဲစနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဘားအံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ပြီးစီးနေပြီးဖြစ် ကြောင်းနှင့် မဲရုံ ၂၃၀ ရုံမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး စုစုပေါင်း ၄၆၀ ဦးကို ၁၄ နေရာခွဲ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)