ပခုက္ကူမြို့၌ စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထိခိုက်နစ်နာမှုမရှိစေရေးကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌  စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့်စားသုံးသူပြည်သူများအား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိကုန်စုံဆိုင်နှင့်စတိုးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းကို ပခုက္ကူခရိုင်စာသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများလိုက်ပါပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ စတိုးဆိုင်များတွင်ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့၌ ဖော်ပြထားသည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်အလေးချိန်ပမာဏများနှင့်ကိုက်ညီမှုရှိ/မရှိ၊ နိုင်ငံတော်ကတရားဝင်ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိအခြေအနေတို့ကို တိုက်ဆိုင်စစ်ဆေးခြင်း၊ စားသုံးသူရေးရာဥပဒေတွင်ပြဌာန်းထားသည့် ကုန်ပစ္စည်း(၉)မျိုးတို့၌ မြန်မာဘာသာဖြင့်ဖော်ပြမှသာရောင်းချကြရန်၊ သက်တမ်းလွန်နှင့်မှိုတက်နေသည့်စားသောက်ကုန်များရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)