ကြံခင်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရာတွင် သတ်မှတ်စည်းကမ်းချက်နှင့်အညီ မဲပေးရွေးချယ်မှာဖြစ်ပြီး မိမိတို့၏ ခေါင်းဆောင်အား စနစ်တကျ ရွေးချယ်တင်မြှောက်ပေးကြရန်နှင့် ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက ကော်မတီအသစ် ဖွဲ့စည်းရန် ဥပဒေနှင့်နည်းဥပဒေပါ အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မော်တော်ယာဉ်ပိုင်ရှင်များက နည်းဥပဒေနှင့် ပတ်သက်ပြီး သိလိုသည့် အချက်များကို အပြန်အလှန် ဆွေးနွေးကြပြီး မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းရန် ပါဝင်ရွေးချယ်ခံမည့် မော်တော်ယာဉ်ပိုင်ရှင် (၁၀) ဦးအား မဲခွဲရွေးချယ်ခဲ့ပြီး အနိုင်ရရှိသော (၉) ဦး အနက်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်များအား ကော်မတီ၏ အဆိုပြုသူ၊ ထောက်ခံသူတစ်ဦးစီဖြင့် ရွေးချယ်ပေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီအဖွဲ့အသစ်ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်ရွေးချယ်ပေးပြီးဖြစ်လို့ ယာဉ်ပိုင်ရှင်နဲ့ ခရီးသွားပြည်သူတွေရဲ့ ဝန်ဆောင်မှု၊ အားနည်းချက်/ အားသာချက်များ၊ ရငွေ/ သုံးငွေရှင်းတမ်းများကို အစည်းအဝေးခေါ်ယူ စနစ်တကျ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ကော်မတီအသစ် ပြန်လည်ရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့မြို့နယ်ရွေးချယ်ရေးကော်မရှင် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေးကော်မတီအဖွဲ့များ၊ မော်တော်ယာဉ်ပိုင်ရှင်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)