ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာ စပါးစိုက်ခင်းဧက ၅၀ အတွင်း ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမျိုးများ စိုက်ထည့်

ရေဦး  စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်  ရေဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်  ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း သုံးမြို့နယ် အတွက်  ငါးသယံဇာတ တိုးပွားရေး  ငါးမျိုးပြုန်းတီးမှု မှ  ကာကွယ်တားဆီးရေးနှင့် ကျေးလက်နေ ပြည်သူများ စပါးရိက္ခာ၊  ငါးရိက္ခာ တိုးပွား စေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒီပဲယင်း မြို့နယ်  ၀ဘာရာမကွင်း  ကွင်းအမှတ် (၂၀၄၂)၊    တောင်သူ ဦးတင့်ဆောင်၏  မိုးစပါးစိုက်ခင်းတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက လမ်းညွှန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ငါးမျိုးများ စိုက် ထည့်ခဲ့ကြကြောင်း သိရှိရသည်။

ငါးမျိုးစိုက်ထည့်နိုင်ရေးအတွက် ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးနှင့် ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဦးမြင့်နိုင်တို့မှ တောင်သူများထံ ငါးသားပေါက်များပေးအပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး ဒီပဲယင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး၊ ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဒေသခံတောင်သူများက ၀ဘာကျေးရွာ   တောင်သူဦးတင့်ဆောင်၏ လယ် ၈ ဧက နှင့်  ဆက်စပ်လျက်ရှိသောတောင်သူ (၁၁) ဦးပိုင်  စပါးစိုက်ခင်း ဧက (၅၀) အတွင်းသို့  ငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ (၂၁၅၀၀) နှင့် ရွှေဝါ ငါးကြင်း  ငါးသားပေါက်ကောင်ရေ (၃၅၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၅၀၀၀) ကို စပါးခင်းများ အတွင်း စိုက်ထည့်ပေးခဲ့ကြကြောင်း  သိရသည်။

သန်းထိုက် (ရေဦး)