ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၂) အစည်းအဝေး ကျင်းပ

ဘားအံ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မ(၃)၌ ကျင်းပရာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ အဆင့်မြှင့်ကုန်ချောထုတ်လုပ်မှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ မြေဧရိယာ(၀ဒဿမ၆၆၄)ပေါ်တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Alliance Eagles Group Co.,Ltd မှ ဆန်ပြောင်းကြိတ်ခွဲခြင်းနှင့် ဆန်မှုန့်ပြောင်းမှုန့် ထုတ်လုပ်ခြင်းလုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထား လွှာတင်ပြလာခြင်းအပေါ် အတည်ပြုမိန့်ထုတ်ပေးနိုင်ရန်တင်ပြလာခြင်းအပေါ် ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြေယာကိစ္စရပ်များ ဥပဒေနှင့်အညီ ဖြစ်စေရေး စိစစ်၍ ပြန်လည်တင်ပြရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် Hotel Conqueror Co.,Ltd ၏ အခွန်ပေးဆောင်ခဲ့မှု အခြေအနေနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာမှုအား ဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)